×
×

ရန်ကုန်တွင် မီးရထား နေ့စဉ် စီးနင်းသူ တစ်သိန်းကျော် ရှိနေ၊ မီးရထား ဝန်ဆောင်မှု လုပ်ငန်းများ ပြန်လည် ပြုပြင် လုပ်ဆောင်နေ

ရန်ကုန်မြို့ရှိ ခရီးသွားပြည်သူ များအနေဖြင့် မြို့တွင်းခရီးသွားလာ ရေး ခရီးစဉ်များတွင် ယခင်ကထက် မြို့ပတ် မီးရထားကို ပိုမိုအသုံးပြု လာသောကြောင့် မြန်မာ့ မီးရထား ဝန်ကြီးဌာနသည် ဂျပန်နိုင်ငံမှ ပညာ ရှင်များနှင့် ပူးပေါင်း ၍ ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီ ၁၃ ရက်မှစတင်ကာ မီးရထား လမ်းပိုင်းများ ပြန်လည် ပြုပြင်မှုများ ပြုလုပ်လျက် ရှိကြောင်း ရန်ကုန်ဘူတာကြီး မီးရထား ဒု-ရုံပိုင်ချုပ် ဦးရဲလွင်က ပြောကြား ခဲ့သည်။ ရန်ကုန်မြို့တွင်း၌ ပြေးဆွဲလျက် ရှိသော မီးရထားလမ်းပိုင်းများဖြစ် သည့် ရန်ကုန်-အင်းစိန်၊ ရန်ကုန်-လှော်ကား၊ ရန်ကုန်-သင်္ကန်းကျွန်း၊ ရန်ကုန်-မင်္ဂလာဒုံလမ်းပိုင်းများရှိ မီးရထားလမ်းများ ကြံ့ခိုင်မှုရှိစေရန် ဂျပန်နိုင်ငံမှ ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းရထားလမ်းပိုင်းများ ပြုပြင်မှု လုပ်ငန်းများ ပြီးစီးသွား ပါက မြို့ပတ် ရထားများ၏ ခရီးစဉ်ပြေးဆွဲနှုန်းများ ကို မြှင့်တင်သွားရန်ရှိကြောင်း ရန်ကုန်ဘူတာကြီး ဒု-ရုံပိုင်ချုပ် ဦးရဲလွင်က ရှင်းလင်း ပြောကြား ခဲ့သည်။ ဆက်လက်ပြီး မြို့ပတ်မီးရထား လမ်းများ ပြုပြင်ရခြင်းနှင့်ပတ်သက်၍ ဦးရဲလွင်က “အခုလက်ရှိမှာ ခရီးသွား ပြည် သူတွေက မီးရထားကို အရင်ကထက် ပိုပြီးအသုံးပြု လာကြတာ များလာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရန်ကုန်မြို့တွင်းမှာ မော်တော်ကားတွေနဲ့ ခရီးသွား တဲ့အခါ ယဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်နေတဲ့ အတွက် ကြောင့်ပါ။ အရင်ကဆိုရင် မီးရထားစီးတဲ့ ခရီးသည် က တစ်ရက်ကို ၈ဝဝဝဝ ကျော် လောက်ပဲရှိပြီး အခုဆိုရင် တစ်ရက် ကို အယောက် ၁ သိန်းကျော် လောက် မြို့ပတ်ရထားကို စီးလာ တာတွေ့ရပါတယ်။ အဲဒါကြောင့် မီးရထားလမ်းတွေ ပြုပြင်ပြီးတာနဲ့ ရထားတွဲသစ်တွေ ထပ်ဖြည့်သွားဖို့နဲ့ မီးရထားသွားနှုန်းကိုလည်း မြို့ပတ် တစ်ပတ်ကို ၃ နာရီကြာ ပြေးဆွဲနေတာ ထက် လျှော့ချဖို့ စီစဉ်ဆောင်ရွက်သွားမှာပါ”ဟု ပြောကြားခဲ့သည်။ ထို့နောက် မီးရထားဖြင့် ခရီးသွားလာလျက် ရှိသည့် ပြည်သူများ အတွက် မီးရထားလက်မှတ်များ ဝယ်ယူရာတွင် အဆင်ပြေ စေရန်အတွက်လည်း ဦးရဲလွင်က မီးရထား လက်မှတ်ကို ယခင်ကကဲ့သို့ မှတ်ပုံတင်ပြပြီး ဝယ်ယူရန် မလိုဘဲ နောက်ဆုံးအဆင့် အွန်လိုင်း မှတစ်ဆင့် ရထားလက်မှတ် ဝယ်ယူနိုင်အောင် ဆက်လက် လုပ်ဆောင် သွားမယ်”ဟု ဆိုသည်။ ၂ဝ၁၂ ခုနှစ်အတွင်း၌ မြို့တွင်း မီးရထားလပေး လက်မှတ်များ ဝယ်ယူမှုသည် ယခင်နှစ် များထက် ၂ဝ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ ကြောင်း သိရှိရသည်။

Restricted access